MYMC အနေနဲ့ မြန်မာလူငယ်တွေအတွက် Entertainment တစ်ခုတည်းမဟုတ်ပဲ၊ အခြားအဖက်ဖက်ကပါ အကျိုးရှိမယ်လို့ ယုံကြည်တဲ့ အစီအစဉ်တွေကို စဉ်ဆက်မပြတ် တင်ဆက်ပေးနိုင်အောင် ကြိုးစားနေပါတယ်။ အခုလည်း ၀၂-၀၇-၂၀၁၀ BBC ညပိုင်းအစီအစဉ်မှာ ထုတ်လွှင့်သွားခဲ့တဲ့ မြန်မာဂီတရေစီကြောင်း အနှစ်၂၀ ကျော်အတွင်းပြောင်းလဲလာပုံကို အဆိုတော်ကြီး အန်တီဒေါ်မာမာအေး နဲ့ မြန်မာ Hip Hop Pioneer လူငယ်အဆိုတော် ကိုအနဂ္ဂတို့နဲ့ ဆွေးနွေးတင်ဆက်သွားခဲ့တာလေးကို သဘောကျနှစ်သက်မိပြီး ကျွန်တော်တို့ လူငယ်တွေအနေနဲ့ နားထောင်သင့်တဲ့ အစီအစဉ်ကောင်းတစ်ခုဖြစ်လို့ MYMC မှာ ပြန်လည်ဝေမျှ တင်ဆက်ပေးလိုက်ပါတယ်။ အခုဒီအစီအစဉ်ကို MYMC မှာပြန်လည်ဖော်ပြခွင့်ပေးတဲ့ ဦးမြင့်ဆွေနဲ့ တကွ BBC တစ်ဖွဲ့သားလုံးကိုလည်း MYMC မှ အထူးကျေးဇူးတင်ရှိပါတယ်။
---
ဦးမောင်မောင်သန်း - သောတရှင်များခင်ဗျာ။ ဒီတစ်ပတ် မြန်မာ့အရေး ကမ္ဘာ့အရေး အစီအစဉ်မှာတော့ မြန်မာ့ဂီတရေစီးကြောင်းဟာ အနှစ် ၂၀ ကျော်အတွင်း ဘယ်ကိုဘယ်လိုဦးတည်နေပါသလဲ၊ အကောင်းဘက်ကိုပဲ တိုးတက်ပြောင်းလဲနေသလား၊ ဒါမှမဟုတ် ကျဆင်းတဲ့ဘက်ကိုပဲ ဦးတည်နေသလားဆိုတဲ့အကြောင်း ပြောဆိုဆွေးနွေးကြမှာပါ။ ကျွန်တော်နဲ့အတူ စတူဒီယိုထဲမှာတော့ အဆိုတော်ကြီးဒေါ်မာမာအေးက အခု ဒီ အမေရိကကနေတဆင့် ဒီနိုင်ငံကိုရောက်နေတုန်း ဖိတ်ကြားထားပါတယ်။ ပြည်တွင်းက အဆိုတော်တွေထဲမှာဆိုလို့ရှိရင်တော့ Hip Hop ကို မြန်မာနိုင်ငံကို ပထမဦးဆုံး စတင်မိတ်ဆက်ပေးခဲ့သူလို့ပြောနိုင်တဲ့ အနဂ္ဂတို့ကိုလည်း ကျွန်တော်ဖိတ်ထားပါတယ်။ အနှစ်၂၀အတွင်းမှာ ဂီတလောကအနေနဲ့ကြည့်ရင် အပြောင်းအလဲတွေအများကြီးပေါ့။ ဂီတပညာရှင်ကြီးတွေလည်းပဲ တချို့လည်း တိမ်းပါးကုန်ကြပြီ။ ဟုတ်လား...
မာမာအေး - ဟုတ်တယ်။
ဦးမောင်မောင်သန်း - အဲဒီတော့ မျိုးဆက်သစ်တွေကလည်း သူတို့ခေတ်နဲ့သူတို့ ကောင်းမယ်ထင်တာလေးတွေနဲ့ လှုပ်ရှားရုန်းကန်နေကြတာပေါ့။ အဲတော့ ဂီတရဲ့အခြေအနေက ဟို... အနဂ္ဂအနေနဲ့ ဘယ်လိုနေလဲ။ တိုးတက်မှုတွေရှိလား၊ ဒါမှမဟုတ် လွတ်လပ်စွာဖန်တီးခွင့်တွေရှိလား။ နည်းနည်းဆွေးနွေးပေးပါလား။
အနဂ္ဂ - ဖန်တီးမှုသဘောအရ ပြောရမယ်ဆိုရင်တော့ လူငယ်တွေကို အခုမြင်ရတဲ့ဟာကတော့ ဖန်တီးမူအားကတော့ တော်တော်ကောင်းပါတယ်။ ဒါပေမယ့် ဖန်တီးမှုအားကောင်းပေမယ့်လည်း ဖန်တီးမှုကိုအထောက်အကူပြုမယ့် ထုတ်လုပ်မှုအားကတော့ တစ်ရှိန်ထိုး ထိုးကျဆင်းနေတာတော့အမှန်ပါ။
ဦးမောင်မောင်သန်း - အဲဒီတော့ ထုတ်လုပ်မှုကဘာလို့ ထိုးကျနေတာလဲ။
အနဂ္ဂ - ဈေးကွက်ကတော့ ပထမဦးဆုံးတစ်ချက် ထိုးကျတာကတော့ အဆိုတော်တွေရော တခြား ဒီလိုမျိုးပေါ့နော်။ ဒီ Tape, CD, VCD, DVD ထုတ်တဲ့သူတွေ အကုန်လုံးခံနေရတာပါ။ ဒီသီချင်းပိုင်းရော၊ ရုပ်ရှင်ပိုင်းရော အကုန်လုံး ခံနေရတာ ဘာလဲဆိုတော့ ခိုးကူးဒဏ်ကို ခံနေရတာပါ။
ဦးမောင်မောင်သန်း - မမအေးက ၀င်ပြီးတော့ ဆွေးနွေးပေးပါဦး။
မာမာအေး - အေးကွယ်... အဲဒီ ခိုးတဲ့ကိစ္စတွေကတော့ အခုမင်းတို့အချိန်ကျမှ ဖြစ်တာမဟုတ်ပါဘူး။ အန်တီမာမာအေးတို့ ခေတ်တုန်းကလည်း ခိုးတာတွေပေါ်ခဲ့ပါတယ်။ အဲ့ဒီ့ခိုးတာတွေ ပေါ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ အန်တီအေးက နဂိုကတည်းကပေါ့နော် ဒီ ဂီတလောက ရောင်းတန်းအဖွဲ့ဝင်ဖြစ်တဲ့ ဒီတေးဂီတလောကကို အဲတုန်းက ဒီအနုပညာရှင်တွေမသိဘဲနဲ့ တစ်ပုဒ်ကို ၁ ကျပ်ကစပြီးတော့ ၄၊ ၅ ကျပ်ထိ ရောင်းစားခဲ့တဲ့ဆိုင်လေးတွေ ပေါ်လာခဲ့တာကနေစပြီးတော့ ဒီ တေးသံလောကက ပေါ်တာကိုးကွယ်။ ဟို ခိုးတာကနေပြီးတော့ပဲ ဒီလောကကြီးကစလာတယ်လို့အန်တီကပြောချင်တာ။ ဒါပေမယ့် အဲလိုမျိုးဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကိုယ့်ဂီတလောကက ဥပဒေလေးတစ်ခုရအောင်လို့ဆိုပြီးတော့ အန်တီကတော့ တစ်ခါတုန်းက ဥပဒေအရပေါ့နော် တရားစွဲခဲ့ဖူးပါတယ်။ အဲ စွဲခဲ့ပေမယ့်လို့ မအောင်မြင်ခဲ့ဘူးကွယ့်။ မအောင်မြင်ခဲ့တော့ တို့ ဂီတနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေကို ပြောနိုင်ဆိုနိုင်တဲ့ ဥပဒေဟာ ရပ်တည်ခွင့်မရခဲ့ဘူးလို့ပြောရမှာပါပဲ။ အန်တီလုပ်ခဲ့ပါတယ်။ အဲဒါ ၃ နှစ်လောက်ကို လူမုန်းခံပြီးတော့ကိုပဲ တရားစွဲခဲ့ဖူးပါတယ်ကွယ်။
ဦးမောင်မောင်သန်း - အခုက ခေတ်တွေကပြောင်းလာတော့ ဂီတအစည်းအရုံးတို့ဘာတို့ကလည်း ဒီလိုပြဿနာတွေ ကိုင်တွယ်ဖြေရှင်းပေးမယ်လို့ထင်ပါတယ် ။ အဲဒီလိုအပိုင်းတွေရောတွေ့ရလား။
အနဂ္ဂ - ဒီခိုးကူးကို ဘယ်လိုရအောင် ထိန်းသိမ်းမလဲဆိုတဲ့ဟာကိုလည်း ဒီထုတ်လုပ်သူတွေရော၊ သီချင်းဆိုတဲ့အဆိုတော်တွေရော၊ ပြီးတော့ တေးရေးတွေရော အကုန်လုံး ဘက်စုံအကုန် ၀ိုင်းစဉ်းစားကြတာပဲ။ စဉ်းစားတော့လည်း စဉ်းစားလို့လည်း ရသွားပါတယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့်တွေဘာတွေ အကုန်လုံးကလည်း ဒီလိုမျိုး ကိုယ်ပိုင်လုပ်ခွင့်မှ ရှိမှမရှိတာ။ ဒါက တစ်ယောက်တည်း လုပ်ခွင့်လည်းမရှိဘူး။ အကုန်လုံး ပူးပေါင်းပြီးလုပ်မှ ဖြစ်မယ်ဆိုတော့ ဒီခိုးကူးကိုလည်း အကုန်လုံး ပူးပေါင်းပြီးတိုက်မှပဲရမှာပါ။
ဦးမောင်မောင်သန်း - ဒေါ်မာမာအေးတို့ကလည်း ပြည်ပမှာ ဒီလောကမှာလည်း ၀င်ထွက်သွားလာနေတော့လေ... ဒီဟာတွေက ဘယ်လိုအကြံပေးလို့ရမလဲ။
မာမာအေး - ကျွန်မကတော့ ဟို ကိုယ့်လောကသားတွေထက်စာလို့ရှိရင် တာဝန်အရှိဆုံးနဲ့ ဒီကိစ္စကို ခေါင်းခံပေးရမှာက နိုင်ငံတော်ကပါပဲ။ အဲ့ဒီလိုမျိုး နိုင်ငံတော်ကနေပြီးတော့မှ ဥပဒေတွေပြဌာန်းပြီးတော့ ဂီတနဲ့ပတ်သက်တာတွေကို တိတိကျကျ ဘယ်လိုဖြစ်ရင်ဘာဖြစ်မယ်၊ ဘယ်လိုဖြစ်ရင် ဘယ်လိုအရေးယူမယ်ဆိုတာတွေကို... အခုက Video တွေ VCD တွေမှာလည်း ကြေငြာချက်တွေတော့ထည့်တာပဲ။ တစ်ခါမှမှ မအောင်မြင်ခဲ့တာလေ။ စာတန်းလေးရေးရုံပဲနဲ့တော့မရဘူး။ တကယ်ကိုပဲ ဥပဒေအရ ပြဌာန်းပေးပြီးတော့ အရေးယူပေးမှသာလျှင် ဒီကိစ္စဟာ အောင်မြင်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတုန်းကလည်း ဒီလိုပဲ တရားစွဲခဲ့တာပေါ့နော်။ တရားစွဲခဲ့တော့ ဘယ်လိုဖြစ်လဲဆိုရင် တရားစွဲလို့ ကိုယ်က လက်ထိလက်ရောက် ဒီခိုးတဲ့အခွေကို တွေ့လို့ရှိလို့ရှိရင် တရားရုံးမှာသွားပြီးတော့ အမှုရင်ဆိုင်ရပါတယ်။ ရင်ဆိုင်တဲ့အခါကျလို့ရှိရင် ကိုယ်နိုင်လို့ရှိရင် ဟိုဘက်က လျော်ကြေးပေးတာကလွဲပြီးတော့ ဘာမှ တခြားမဖြစ်ခဲ့ပါဘူး။ ဒါလည်းပဲ ကိုယ့်ဟာကိုယ်ပဲလိုက်ရတာ။ ဟို... ဥပဒေအရကျတဲ့အခါကျတော့ ဆိုရှယ်လစ်ခေတ်ကြီးမှာတောင်မှ (ရယ်လျက်) မာမာအေးရဲ့ လုပ်အားပါသော်လည်းတဲ့ မြန်မာနိုင်ငံမှာ ဂီတနဲ့ပတ်သက်တဲ့ ဥပဒေမရှိတဲ့အတွက်ဆိုပြီး တရားသေလွှတ်လိုက်ပါတယ်ဆိုတော့ ကျွန်မ ဘာမှလုပ်လို့မရလိုက်ဘူး။ ၃နှစ်ကြီးများတောင်မှ အချိန်တွေကုန်တယ်၊ လူမုန်းခံရတယ်။ အို.. ပြဿနာတွေအမျိုးစုံ သက်သေသက်ကာရတွေနဲ့ စုပြီးတင်ပြတာတောင်မှပဲ အဲလိုဖြစ်သွားပါတယ်။ အဲတော့ အခုလည်း ဒါကြောင့်ကျွန်မက နိုင်ငံတော်ကနေပြီး ပြဌာန်းပေးမှ ဒီကိစ္စက ငြိမ်းမယ့်ကိစ္စလို့ အမှန်တကယ်ပြောတာပါ။
ဦးမောင်မောင်သန်း - ဟုတ်ကဲ့။ ခိုးကူးခွေကိစ္စတွေပြီးတော့ ခုန Creativity ပေါ့။ လူငယ်တွေ ဘယ်လောက်တီထွင်တဲ့စွမ်းအားရှိလဲ၊ လွတ်လပ်လဲပေါ့။ ဘာလို့ဆိုတော့ ကြားနေတာက ဒီဟာ.. Censor တို့ဘာတို့ ခွင့်ပြုချက်တွေဘာတွေကလည်း ယူရတယ်မဟုတ်လား။
မာမာအေး - ဟုတ်ပါတယ်။
ဦးမောင်မောင်သန်း - အဲတော့ အနဂ္ဂတို့အနေနဲ့ ဟို ကိုယ်တီထွင်ကြံဆသလောက်ရလား။ နောက်ပြီးတော့ ဒီယဉ်ကျေးမှု တံတိုင်းကြီးတွေကလည်းရှိတော့ ဟုတ်လား ဒါဆိုရင်တော့ သရုပ်ပျက်တယ် မပျက်ဘူး အဲ့လိုလည်း အမျိုးမျိုး အငြင်းပွားကြတယ်လေ ။ အဲ့ဒီဟာနဲ့ ပတ်သက်လို့ကော နည်းနည်း အနဂ္ဂဆွေးနွေးပေးပါဦး။
အနဂ္ဂ - ကျွန်တော့်အနေနဲ့ကတော့ အဲ့လိုမျိုး ဟို စကားတစ်ခုကို ဥပမာပေးပြီး အခြေခံရမယ်ဆိုရင် ယဉ်ကျေးမှုဆိုတာ နေ့တိုင်းဖြစ်စဉ်ကနေ အကုန်လုံးဖြစ်ပြီးတော့မှ နောက်ထပ်တည်လာတဲ့ဥစ္စာကို ယဉ်ကျေးမှုလို့ အကုန်သတ်မှတ်ကြရတာကိုး။ ဒီနေ့ ဖြစ်စဉ်ဖြစ်စဉ်တွေ အားလုံးပေါင်းပြီးတော့မှ အကောင်းတွေကော၊ အဆိုးတွေကော အကုန်ယူပြီးတော့ ယဉ်ကျေးမှုတစ်ခုဆိုတာဖြစ်ထွန်းတဲ့ဟာကိုး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ဂီတကလည်း ယဉ်ကျေးမှုထဲက... ဖြစ်စဉ်ထဲကတစ်ခုပါပဲ။ ဖြစ်စဉ်တစ်ခုဆိုတော့ ဒီနေ့ဖြစ်တဲ့ဟာကို ယဉ်ကျေးမှုနဲ့မကိုက်ညီဘူးလို့တော့ ကျွန်တော်တို့ ပြောလို့တော့မရပါဘူး။ ဘာလို့လည်းဆိုတော့ ကျွန်တော်တို့လည်း ဗမာပြည်မှာနေတဲ့ ဗမာလူမျိုးတွေ ဗမာအမျိုးသားတွေပဲ ဖြစ်ကြတယ်ပေါ့။ အဲဒါကြောင့် ဆိုတဲ့သီချင်းတွေကလည်း မြန်မာသီချင်းတွေပဲ ဆိုကြတယ်။ ပြီးတော့ ပြန်ဖျော်ဖြေတဲ့ဟာတွေကလည်း မြန်မာလူမျိုးတွေပဲ ပြန်ဖျော်ဖြေတယ်။ ဒါမျိုးတွေ ကျွန်တော်တို့ ဟို.. ယဉ်ကျေးမှုနဲ့မကိုက်ညီဘူးဘာဘူး ဆိုတာကတော့ ကျွန်တော်တို့လည်း တခါတခါကျရင် .. ကျွန်တော်တို့ စစပေါ်လာချင်း အချိန်တုန်းကလည်း ကြားရပါတယ်။ ဒါပေမယ့် အခုချိန်ကတော့ ကလေးတွေအကုန်လုံးက တပြည်လုံးလည်း တစ်နိုင်ငံလုံးလည်း Rap တွေ Hip Hop တွေ ဒါတွေအကုန်လုံးပဲ ဖြစ်သွားတော့ ဒီအသံလေးတွေတော့ နည်းနည်းငြိမ်သွားတာပေါ့။ ဒါပေမယ့်လည်း တချို့ဥစ္စာတွေကျတော့ပေါ့နော် တစ်ဖက်ပိတ်အတွေးနဲ့တွေးမယ်ဆိုရင်တော့ ဘယ်ဥစ္စာမှ အောင်မြင်မှာမဟုတ်ပါဘူး ။ တစ်ယောက်တည်းပဲကြိတ်ပြီးတော့ တစ်ဖတ်ပိတ်အတွေးတွေနဲ့ပဲ တွေးနေမယ်ဆိုရင်တော့ ဒါတွေအကုန်လုံးက လွတ်မြောက်နိုင်မယ်မထင်ဘူး။ ပြီးတော့ဒီ Creativity ဆိုတဲ့ဟာကလည်း တစ်ဘက်ပိတ်အတွေးနဲ့တွေးမယ်ဆိုရင် Creativity ဆိုတဲ့ခေါင်းစဉ်ကို တပ်စရာကိုမလိုတော့ဘူး။ အဲ့ဒါကြောင့်မို့.. ကျွန်တော်တို့က Creativity ကို မြင်တယ်ဆိုရင်တော့ အခုလောလောလတ်လတ်ကတော့ ကလေးတွေအကုန်လုံးကတော့ အရမ်းကို အားကိုးအားထားစရာပုံစံတွေတော့ မြင်နေရတယ်။ ဒါပေမယ့် ရှေ့လျှောက်မှာ သူတို့ဒီလမ်းကြောင်းပေါ်ကို ရောက်မရောက်ဆိုတာကတော့ ကျွန်တော်တို့စောင့်ကြည့်ရမှာပေါ့။
ဦးမောင်မောင်သန်း - ဟုတ်ကဲ့။ ယဉ်ကျေးမှုကဏ္ဍကတော့ အင်မတန်ကျယ်တာပေါ့နော်။ ခေတ်ရေစီးကြောင်းကလည်းပြောင်းလာတာ ကျွန်တော်တို့က နှစ် ၂၀ အတွင်း ဘောင်သတ်ထားတာဆိုတော့ ခုနက အနဂ္ဂပြောခဲ့တဲ့ကိစ္စတွေနဲ့ပတ်သက်လို့ မမအေးရဲ့အမြင်ပြောပါဦး။
မာမာအေး - ယဉ်ကျေးမှုဆိုတာကတော့ ကျယ်ပြန့်လွန်းပါတယ်။ ကိုယ့်ယဉ်ကျးမှုဆိုတာကတော့ ကိုယ့်ယဉ်ကျေးမှုကတော့ ရှိကိုရှိတာကိုး။ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ဟာတွေကို မဆန့်ကျင်အောင်လုပ်ဖို့ကိုတော့ဖြင့် ကလေးတွေက စဉ်းစားရမှာပေါ့။ ခေတ်ကြီးတိုးတက်တာကိုချည်းပဲကြည့်ပြီးတော့ ကိုယ့်ယဉ်ကျေးမှုကို ဖျက်ဆီးတာမျိုး မဖြစ်လာအောင်လို့တော့ ကြိုးစားသင့်ပါတယ်။ ဒါကိုပဲ အန်တီတို့ကပြောချင်တာပါ။ ကိုယ့်ယဉ်ကျေးမှုလေးကိုလည်း သူ့ဘာသူရှိတဲ့အတိုင်းကိုလည်းပဲ သူ့ဟာသူမပျက်သွားရအောင်လို့ပဲ ထားခဲ့ကြပါ။ ဒီရှေ့သွားလာမယ့် ယဉ်ကျေးမှုတွေကျလို့ရှိရင်လည်း ဖြစ်နိုင်သမျှတော့ကိုယ့်လူမျိုးရဲ့ ယဉ်ကျေးမှုကို မထိခိုက်အောင်လို့ ဖြစ်နိုင်သမျှ၊ တတ်နိုင်သမျှ စောင့်ရှောက်ပေးကြပါလို့ ဒါပဲ ပြောဖို့ရှိပါတယ်။ ဒါပေမယ့် တိုးတက်လာတာကို မတိုးတက်ပါနဲ့လို့လည်း ပြောလို့မရဘူး။ ခေတ်ရေစီးကြောင်းကိုလည်း တားလို့မရနိုင်ဘူး။
ဦးမောင်မောင်သန်း - ဒီ နှစ် ၂၀ ကျော်မှာ ကျွန်တော်တို့က ပြန်ပြီးတော့ သုံးသပ်တဲ့အခါကျတော့ ဒီအရိုးအသားလို့ခေါ်တဲ့သီချင်းကြီးကတော့ ရှေးတုန်းကလည်းကတောက်လျှောက် သမားစဉ်ထိန်းလာတာပေါ့နော်။ ဒါတွေကတော့ စည်းမျဉ်းစည်းကမ်းတွေက အတိအကျရှိပြီးသား။ နော်.. အဲ့ဒါတွေကို ဒီ Music နဲ့ beat တွေဘာတွေ ပြင်တာကိုလည်း စမ်းသပ်ခဲ့ကြပြီ။ နောက် အခုဒီ ရောသမမွှေတို့ဘာတို့ ခေတ်တွေလည်း ဖြစ်လာကြပြီပေါ့။ ဒါပေမယ့်လို့ ဒီမြန်မာရိုးရာဂီတနဲ့ ခေတ်ပေါ်ဂီတနှစ်ပိုင်းမှာ မြန်မာ့ရိုးရာဂီတကို လူငယ်တွေက ဘယ်လောက်စွဲစွဲမြဲမြဲ လုပ်ကြသေးလဲ။ စိတ်ဝင်စားမှုရှိသေးလား။
အနဂ္ဂ - အဲ့ဥစ္စာကတော့ ကျွန်တော့်အမြင်တော့ ကျွန်တော်တို့ကတော့ လက်လှမ်းမမှီတာကတော့ အမှန်ပါ။ ဒါ အမှန်ဆုံးဝင်ခံရရင်တော့။ ဒါပေမယ့် လက်လှမ်းမှီတဲ့အချိန်မှာ ကြားသင့်သလောက် သိသင့်သလောက် တခါတလေကျရင် ရေဒီယိုကနေ ပြန်ဖွင့်ပြတဲ့ဟာတွေဘာတွေဆိုရင်လည်း ကိုယ်ကလိုက်ပြီးတော့ သဘောကျတာတော့အမှန်ပဲ။ ဘာလို့လဲဆိုတော့ ဒါ.. သြော်.. ကိုယ့်နိုင်ငံမှာ ကိုယ့်နိုင်ငံဂီတရှိတယ်။ ကိုယ့်နိုင်ငံရဲ့ ဂုဏ်အရည်အသွေးက တစ်ခုရှိတယ်ဆိုတာ ဒါတော့သိရတယ်။ ဒါပေမယ့် နောက်တစ်ခုက ယဉ်ကျေးမှု တစ်ခုနဲ့တစ်ခုပေါင်းတယ်ဆိုတာပဲဖြစ်ဖြစ်၊ အဲ့လို တစ်ခုကိုအသစ်ထပ်လုပ်တာပဲဖြစ်ဖြစ်ဆိုတာ.. အဲ့ဥစ္စာကိုတော့ ကျွန်တော်တို့က မကောင်းမမြင်ဘူး။ ဘာလို့ဆိုတော့ အကောင်းပဲမြင်တယ်.. ဟို.. ကမ္ဘာမှာတောင်မှ အဖြူနဲ့အမည်း အရင်တုန်းကမတည့်ကြဘူး။ ဒါပေမယ့် အဖြူနဲ့အမည်း တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနှုတ်ဆက်တဲ့ အချိန်မှာဆိုရင်လည်း ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ပဲ မြင်ကြရတယ်ဆိုရင်လည်း.. ဒါမျိုးကိုတော့ ကျွန်တော်တို့ လက်ခံရမှာပဲ။ ဘာလို့လဲဆိုတော့ တစ်ခုနဲ့တစ်ခု ပေါင်းတဲ့ဥစ္စာကိုတော့ ကျွန်တော်တို့ မကောင်းမမြင်တာတော့မဖြစ်ဘူး။
ဦးမောင်မောင်သန်း - မမအေးကရော အဲဒါကိုဘယ်လိုမြင်လဲ။
မာမာအေး - သြော်.. လူကြီးဖြစ်ဖြစ်၊ ကလေးဖြစ်ဖြစ် ခေတ်သစ်ဖြစ်ဖြစ်၊ ခေတ်ဟောင်းဖြစ်ဖြစ် အကုန်လုံးကပေါင်းစည်းပြီးသွားရင်တော့ အကောင်းဆုံးပါပဲ။ ဒါ ငြိမ်းချမ်းရေးပဲလေ။ ပေါင်းစည်းတယ်ဆိုတာ ငြိမ်းချမ်းရေးပဲ။ ကျွန်မတို့ ငြိမ်းချမ်းရေးသမားတွေပါ။ ဂီတသမားဆိုတာ အကုန်လုံးက ငြိမ်းချမ်းချင်ကြတာချည်းပဲ။ တစ်ခုပေါ့။ ကိုယ့်မှာရှိသင့်ရှိထိုက်တာ၊ ထိန်းသိမ်းသင့်ထိန်းသိမ်းထိုက်တာတစ်ပိုင်း။ ဟို.. ထိုးဖောက်သင့်တဲ့ ဟို.. ရှေ့ကျော်လွှားသင့်တဲ့ ကျော်လွှားရမှာကိုတစ်ပိုင်း။ နှစ်ပိုင်းဆိုတာကို ခွဲပြီးမြင်ဖို့သင့်တယ်။ အဲ.. ရောပြီးတော့ နဂိုရှိတဲ့ဟာတွေကို အခုက ဒါတွေဖြစ်လာလို့ ဒီဟာတွေနဲ့ ရောပစ်ရမယ်ဆိုတဲ့ဟာကြီးကျတော့လည်း သိပ်တော့မသင့်တော်ဘူးလို့ ထင်ပါတယ်ရှင်။ တချို့သီချင်းတွေ ဟိုဟာ.. ပြောင်းလဲနိုင်ပေမယ့်၊ တချို့သီချင်းတွေကျတော့ မပြောင်းလဲကောင်းတဲ့ဟာတွေကျလို့ရှိရင် မပြောင်းလဲဘဲနဲ့ သူ့ဟာသူ အလှကြည့်ပဲထားထား ထားခဲ့ပါလို့ပဲ ကျွန်မကပြောချင်တာပါပဲ။
ဦးမောင်မောင်သန်း - တစ်ဖက်က ကျွန်တော်တို့ ပြန်ကြည့်တဲ့အခါမှာ ဒီ ခေတ်ရေစီးကြောင်းဆိုပေမယ့်လို့ မဟာဂီတရယ် နောက်ပြီးတော့ ခုန ခေတ်ဟောင်းရယ်၊ ကာလပေါ်ရယ်၊ နောက်.. ခေတ်သစ် မော်ဒန်သီချင်းတွေပေါ့ အဲ့လိုဖြစ်လာပြီ ဒါ။ နှစ်၂၀ကိုပိုင်းလိုက်ရင်တော့ အဲလောက်အဝေးကြီးတော့ မရောက်ဘူးပေါ့။ အဲတော့ ဒီလိုဖြစ်လာတဲ့အခါမှာနော် နိုင်ငံတော်မူအနေနဲ့ရော၊ သူတို့ချမှတ်ပြီးတော့ ဒါတွေတော့မလုပ်ကြနဲ့၊ ဒါတွေတော့လုပ်ကြဆိုပြီးတော့ ပြောတာတွေ၊ အနုပညာရှင်တွေကို ပညာပေးတာတွေရှိလား။
အနဂ္ဂ - အင်း.. ကျွန်တော်တို့ဆီမှာတော့ မရှိပါဘူး။ ကျွန်တော့်အနေနဲ့ဆိုရင် ပိုမရှိဘူးလို့ပြောရမယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ကတော့ ကျွန်တော်စလုပ်တည်းကိုက ကျွန်တော်က ဒီဘက် Hip Hop Music တစ်မျိုးတည်းကိုပဲ အခြေတည်ပြီး ကျွန်တော်လုပ်တယ်။ ပြီးတော့ ကျွန်တော် တခါတခါကျရင် နည်းနည်းလေး အဲ့လိုမျိုး ဒိုးသံလေး၊ ဆိုင်းသံလေး နည်းနည်းယူတယ်ဆိုရင်လည်း ကျွန်တော် ကိုယ့်ထဲကို ယူသုံးတာပဲလုပ်တယ်။ ပြီးရင် ဒီတိုင်းပဲ ကျွန်တော်နာမည်တော့မတပ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ကို အဲ့လိုမျိုးပညာပေးပြီးတော့ ဟို.. ဒါမျိုးမလုပ်ရဘူး၊ ဒါမျိုးတားဆီးတာတွေ ဘာတွေကတော့ ဘာမှမရှိဘူး။
ဦးမောင်မောင်သန်း - ထိန်းသိမ်းတဲ့အပိုင်းမှာရော တိုးတက်တာတွေရှိလား။ ဥပမာဆိုရင် သူများနိုင်ငံမှာဆို National Archives ဆိုတာတွေရှိတာပေါ့နော်။ ဘယ်နှစ်ခုနှစ်က ဘာသံစဉ်လေးပဲဖြစ်ဖြစ် ဟုတ်လား ရှာလို့လွယ်တယ်လေ Research အပိုင်းက။ အဲ့လိုထိန်းသိမ်းဘက်ကရော တိုးတက်မှုရှိလား တိုင်းပြည်မှာလေ။
အနဂ္ဂ - အကုန်လုံးအနေနဲ့ ကျွန်တော်ခြုံပြောရရင်တော့ ကျွန်တော့်စကား နည်းနည်းမှားရင်လည်း နည်းနည်းမှားသွားနိုင်တယ်။ ဒါပေမယ့် ကျွန်တော်တို့ပတ်သက်တဲ့ အသိုင်းအဝိုင်းအနေနဲ့ဆိုရင်တော့ အကုန်လုံးကတော့စုကြတယ်။ လက်လှမ်းမီသလောက်စုကြတယ်။ တချို့ဥစ္စာတွေကလည်း ကျွန်တော်တို့ဆီမှာမရှိဘူး၊ တချို့ဥစ္စာကျတော့လည်း တကယ့် ဒီ ဓါတ်ပြားအဟောင်းတွေ၊ သိမ်းထားတဲ့လူတွေဆီမှာပဲရှိတယ်။ ဥပမာပြောရမယ်ဆိုရင် ဦးဘသိန်းစတူရီယိုမှာရှိတဲ့ဟာဆို ဒါဆိုလို့ရှိရင် သွားပြီးတော့ တောင်းကူးမှပဲရတဲ့ ဟာမျိုးတွေဆိုတော့ အဲလိုမျိုးပုံစံမျိုးတွေတော့ ရှိတော့ရှိတယ်။ ဒါပေမယ့် လူငယ်တွေအမြင်မှာကျတော့ ဒီ Globalization ဖြစ်လာတဲ့အပေါ်မှာကျတော့ ကိုယ့်ရဲ့ယဉ်ကျေးမှုပုံစံကိုတော့ တစ်မျိုးမြင်လာတာကတော့ ဒါ ကျွန်တော်မြင်နေရတယ်။ တချို့ဥစ္စာကျတော့လည်း ကိုယ့်ဂီတကို ကိုယ်က အဲ့လောက်ထိ အလေးမပေးနိုင်ဘူး၊ အလေးမထားနိုင်ဘူး။ ပြီးတော့လည်း ဒီဂီတနဲ့ပတ်သက်ပြီးတော့ အဲ့လိုမျိုး သီချင်းအသစ်တွေ Creationတွေ၊ မြန်မာသံစဉ်တွေ Creation လုပ်မယ့်ဟာတွေလည်း ပျောက်နေကြတယ်။ လူကြီးတွေမှာတော့ Creation လုပ်နေကြဆဲပဲ။ ဒါပေမယ့် လူငယ်တွေမှာကျတော့ ဒါကို မလုပ်ကြသေးဘူး။ ဒါကိုတော့ သိပ်ပြီးတော့အားမရဘူး ကျွန်တော်ကတော့။
ဦးမောင်မောင်သန်း - ဟုတ်။ မမအေးက ပြောပြပေးပါဦး။ ဒါ လူငယ်နဲ့လူကြီးထဲမှာ ပေါင်းစပ်ရင် အခုထိန်းသိမ်းတဲ့အပိုင်းနဲ့ စုဆောင်းသိုမှီးတာ။ မမအေးလည်း ဒါတွေ Research လုပ်ဖူးတယ်လေ။
မာမာအေး - ကျွန်မက နဂိုကပေါ့နော် ဒီ ခေတ်က တဖြည်းဖြည်းနဲ့ ပြောင်းလဲလာလို့ရှိရင် လူတွေကလည်း စိတ်ကပြောင်းလဲကြတာပါပဲ။ အဲတော့ လူငယ်ဆိုတာကတော့ ရှေ့က တဖြည်းဖြည်းနဲ့ ဟို.. ထွန်းကားလာတဲ့ဟာတွေက တဖြည်းဖြည်းနဲ့ ဝေးဝေးလာမှာကိုး။ ဝေးဝေးလာလို့ရှိရင် လက်လှမ်းမမှီရင် သူ့အလိုလိုကလည်းပဲ ပျောက်သွားနိုင်တာပဲ။ မေ့သွားနိုင်တာပဲလေ။ အဲ့ဒါကြောင့်မို့လို့ မမေ့အောင်ဆိုပြီးတော့ ကျွန်မတို့ကျတော့ ကိုယ့်ရဲ့ရှေ့ကနေပြီးတော့ ထွန်းကားလာတဲ့သီချင်းတွေကို ပြန်ဆိုခဲ့တာ ကျွန်မ။ နောက်တစ်ယောက် နောက်တစ်ယောက်က ဆက်ပြီးတော့ ဆိုပြီးတော့ထားခဲ့မှ သို့မဟုတ် ထိန်းသိမ်းသွားပေးမှ သန့်စင်ပေးခဲ့မှ နောင်လာနောက်သားများက ဒီဥစ္စာ ဒီမှာရှိပါလား ဒါတွေရှိခဲ့တယ်ဆိုတာလေးကို သူတို့ ဟို ဖန်ပေါင်းချောင်ထဲပဲထည့်ပြီး သိမ်းထားသိမ်းထားပေါ့ဗျာ။ ကျွန်တော်ကအဲ့လို မှတ်တမ်းကျန်ခဲ့အောင် ဆိုထားခဲ့တာ။ ဆိုထားခဲ့တော့ ကျွန်မတို့ဒီနောက်မှာကျတော့လည်း မြန်မာသံဂီတပိုင်းကျတဲ့အခါကျတော့ ကျွန်မတို့ဆိုခဲ့တာတွေ၊ ကျွန်မတို့ကနေပြီး အရှေ့ကဆိုထားခဲ့တဲ့ အစ်မကြီးတွေ၊ အဒေါ်ကြီးတွေရဲ့သီချင်းတွေကို လက်ဆင့်သွားတာ။ အခုလည်းပဲ ဆက်ဆက်ပြီးတော့ ဆိုထားခဲ့တာ ဒါ ခေတ်ကိုဆွဲပြီးတော့ သီချင်းတွေကိုယူသွားတာလို့ အဲ့လိုပဲ ကျွန်မ အဲ့လိုပဲခံစားရတာပေါ့နော်။ အခုခေတ်ကျတော့ ခေတ်ပေါ်ကလေးတွေကျတဲ့အခါကျတော့ သူတို့ကတိုးတက်ဖို့ကို ရှေ့ကိုပဲကြည့်တာကိုး။ အဲ့တော့ နောက်ကဟာလေးတွေလည်း ဒါကြောင့်မို့လို့ သတိမမေ့နဲ့။ သူခုနက စုတယ်လို့ပြောလို့ ကျွန်မဝမ်းသာပါတယ်။ ဟို.. တချို့သီချင်းတွေကျတော့လည်း ဟို.. မရှိနိုင်ဘူးလေ။ ဘာလို့ဆိုတော့ Quality က တဖြည်းဖြည်းနဲ့ ကျကုန်တာတို့၊ အခုခေတ်မှာ မသုံးတော့လို့မို့လို့ ဟို.. ပျောက်ပျက်သွားတာတို့၊ ဒီ ဆိုင်တွေဘာတွေဆိုတာကလည်း သိမ်းစရာဘယ်ရှိမှာလဲ။ သူတို့သည် ဂီတသမားမှမဟုတ်တာလေ။ ကျွန်မတို့ရဲ့ဂီတတွေကို ပြည်သူလူထုဆီကို သူတို့က ဖြန့်ဖြူးပေးတဲ့ သူ...
အနဂ္ဂ - အဓိကကတော့ ဆိုင်တွေ။ ကူးပေးမယ့်ဆိုင်တွေမရှိတာပါ။
မာမာအေး - ကူးပေးတဲ့ ဆိုင်တွေကလည်း အကုန်လုံးပျောက်ပျက်သွားတယ်။ ဘာဖြစ်လို့ပျောက်ပျက်သွားလဲဆိုတာကလည်း အဲ့လိုပေါ့နော် တဖြည်းဖြည်း စီးပွားရေးမှာ နွယ်ယှက်နွယ်ယှက်လာကြရင်းနဲ့ ကိုယ့်ဟာကိုယ်ပဲအသံသွင်းမယ်၊ ကိုယ့်ဟာကိုယ်ပဲထုတ်လုပ်မယ်၊ ကိုယ့်ဟာကိုယ်ပဲရောင်းစားမယ် ဆိုတဲ့ပုံစံမျိုးတွေ ဖြစ်လာတဲ့အတွက်ကြောင့် ဒီလောကကြီးက ပျက်သွားတာ။
ဦးမောင်မောင်သန်း - ကိုင်း။ ကျွန်တော်တို့ပြောတာတွေက တော်တော်ကျယ်ပြန့်သွားပြီ။ ခုနတုန်းက တီထွင်ဆန်းသစ်မှုဘက်ကိုပဲ ပြန်လှည့်မယ်ဆိုရင် ဟို.. မမအေးက ပြန်ဆိုဆိုတာက ဒီ.. ကောင်းတဲ့အပိုင်းက ပြောသွားတာပေါ့။ တချို့ကလည်း တီထွင်မှုတွေမရှိဘဲနဲ့ ခု ခေတ်ပေါ်တေးတွေကလည်း သံစဉ်တွေပြန်ကူးတာတို့၊ ပြန်ဆိုတာတို့ချည်းပဲများနေတယ်တဲ့။ အဲ့ဒီဟာရောဟုတ်လား။ ဘာကြောင့်မို့လဲ။ ဈေးကွက်ကြောင့်မို့လို့လား။ တီထွင်ကြံဆမှုတွေ အားနည်းသွားတာလား အနဂ္ဂရေ။
အနဂ္ဂ - အင်း.. ပထမဦးဆုံးအချက်ပြောရမယ်ဆိုရင် ထုတ်လုပ်သူတွေက ဒီသီချင်းတွေက လူသိထားပြီးသားဆိုပြီး ပြန်ဆိုခိုင်းတယ်။ ဒါ ပထမဦးဆုံးအချက် ထုတ်လုပ်သူတွေ။ ဒုတိယတစ်ချက်က ထုတ်လုပ်သူတွေ ဆိုခိုင်းတဲ့အတိုင်းကို အဆိုတော်တွေက ပြန်ဆိုတယ်။ အဲ့နှစ်ချက်မှာတင်ပဲ တော်တော်ကြီးကို လည်ပတ်နေကြတယ်။ အဲ့ဒါကို ကျွန်တော်တို့မကြုံရဘူးဆိုရင် အဲ့ဒါကို ၁၅နှစ်လောက်ဆက်တိုက်ကြုံလာခဲ့ရတယ်။
ဦးမောင်မောင်သန်း - အဲ့တော့ လွတ်လွတ်လပ်လပ် တီထွင်မှုတွေရှိမယ်ဆိုရင် ဘယ်လိုသီချင်းမျိုးတွေ.. တစ်ပုဒ်လောက် ဟဲပြပါလား။ ဒီမှာကတော့ တချို့ဆိုတာတွေကလေ ဟို.. ကြည့်လို့တော့ကောင်းပါတယ်။ ဒါပေမယ့် ဘောင်းဘီကိုင်ကိုင်ပြီးတော့ ဆိုတာလေးတွေ ဘာလေးတွေကျတော့ မျက်စိထဲမှာတစ်မျိုးကြီးပဲ။ အဲဒါတွေကလည်းဟိုမှာ ဒီလိုပဲအတုခိုးကြတာပဲထင်တယ်။ ဟုတ်လား။
အနဂ္ဂ - ကိုယ် မြန်မာဖြစ်မှုကို ကိုယ့်ဟာကိုယ်မဖော်ထုတ်ရဲတဲ့လူတွေနဲ့လည်းဆိုင်တယ်။ တချို့ကလည်း ကိုယ် မြန်မာဖြစ်မှုကို မြန်မာဖြစ်ကြောင်း ပြရမယ့်စိတ် အဲလိုမျိုး သူတို့မှာ .. ဟို.. နောက်တစ်ခုက Bud သီးမပွင့်တာပေါ့နော်။ မီးတစ်ချက်မလင်းတာ။ အဲ့လိုမျိုးတွေနဲ့လည်းဆိုင်တယ်။ ကျွန်တော်တို့ကတော့ မြန်မာဖြစ်ကြောင်းကို မြန်မာလိုပဲ ပြန်လုပ်ပြပါ။ အဲလိုမျိုးတော့ ကျွန်တော်တို့စိတ်ထဲမှာ ရှိတယ်။ ဒါပေမယ့် ကျွန်တော့်အောက်မှာလိုက်လာမယ့် အဲလိုကလေးတွေ ညီငယ်တွေညီမငယ်တွေ အဲလိုတွေ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကိုလည်း ကိုယ်မြန်မာဖြစ်ကြောင်းကိုပဲ မြန်မာပုံစံနဲ့ ဆိုလို့ရပါတယ်ဆိုတာ ဘယ်ဂီတမဆို မြန်မာပုံစံနဲ့ ဆိုလို့ရတယ်ဆိုတာလည်း ကျွန်တော်တို့က ဖြစ်စေချင်သေးတယ်။
ဦးမောင်မောင်သန်း - ဘယ်ဟာကို မြန်မာတွေ သိလို့ရအောင် မြန်မာမှုပြုပြီး ဆိုကြလဲနော်။
မာမာအေး - (ရယ်လျက်) ကျွန်မမှာ အခက်အခဲရှိတယ်ရှင့်။ အဲဒါဘာလဲဆိုတော့ အခုနောက်ကလေးတွေဆိုတဲ့ Rap တို့ Hip Hop တို့ပေါ့နော်။ စာသားကို ပီအောင်မဆိုကြတဲ့ အတွက်ကြောင့် ကျွန်မဘာလိုက်ဆိုရမှန်းမသိ ဖြစ်တဲ့ ဒုက္ခတစ်ခုကတော့ တော်တော်ကြီးပါတယ်။ ဗမာသီချင်းကို ဗမာလို ဘာသာပြန်ပြီးတော့မှ ကျွန်မနားထောင်ရမလိုဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ခေတ်ကတော့ စကားလုံးပီသမှ စားပေါင်ပဲ့မှဆိုတဲ့စကားလုံးကို ကျွန်မတို့ ဂီတလောကမှာ သိပ်သုံးတာရှင့်။ အခုခေတ်ကလေးတွေက ဘာသံမှကို မရှိတော့ဘူး။ ဘယ် group တစ်ခုလည်း မသိတော့ဘူး။ ဒါကတော့ ဗမာ့ကိစ္စဆိုတော့ သူတို့တွေလည်း ကျွန်မ အပြစ်မပြောပါဘူး။ ဒါကလည်း လေ့လာတဲ့လူတွေအဖို့မှာသာ သိတာကိုရှင်။ အဲဒီတော့ ဗမာစာလုံးကို ဗမာတစ်ယောက်ကနေပြီးတော့ တော်တော်ကို နားထောင်ယူရတယ်ဆိုတဲ့အပိုင်းတော့ ရောက်နေတာပဲ။
ဦးမောင်မောင်သန်း - ဘယ်ဟာလေးတော့ဖြင့် မြန်မာနားနဲ့နီးအောင် လုပ်ထားတယ်ဆိုတာ...
အနဂ္ဂ - မြန်မာတွေ အကုန်လုံး Hip Hop ကို စကြားဖူးတဲ့ သီချင်းတစ်ပုဒ်ကိုပဲ ကျွန်တော်ဆိုပြပါမယ်။ အဲဒီသီချင်းက ~~အကုန်လုံးထကြ အကုန်လုံးထက တစ်ချို့တွေကမုန်း တစ်ချို့တွေကပြုံး နားထောင်ပြီး မင်းတို့ဝေဖန်ပေးကြဦး~~ အဲဒီသီချင်းနဲ့ ဒီဗမာနိုင်ငံကို Hip Hop ဆိုတာ စသိသွားတာပါ။ အဲဒါကြောင့်မို့ ကျွန်တော် အဲဒီသီချင်းဆိုပြတာပဲ ပိုကောင်းမယ်လို့ပဲထင်ပါတယ်။
ဦးမောင်မောင်သန်း - မမအေးရော ခံစားကြည့်ပါဦး။
မာမာအေး - ကျွန်မ သူ့ဆီမှာ အခုလောလောဆယ် ကြားလိုက်တာ သူက ဟို...ဘယ်လိုခေါ်မလဲ ဗမာသီချင်းတွေလိုပေါ့နော် melody ကို တက်လိုက်ကျလိုက် ဆင်းလိုက်တက်လိုက် သိပ်မလုပ်ဘူး။ ဒါပေမယ့်လို့ ဘာမှာသွားပြီးတော့ ကျွန်မတွေ့လဲဆိုတော့ နောက်ဆုံးအကျတွေမှာ သူက ကာရန်ကို အမိယူထားတယ်။ အဲဒါကို သွားတွေ့တာပါပဲ။ အဲဒါ ကာရန်လောကလေးတော့ မပျောက်သေးဘူးဆိုတော့ တော်သေးတာပေါ့ရှင်။
ဦးမောင်မောင်သန်း - လက်ရှိ နှစ် ၂၀ကာလလောက်လေးကိုပဲ ကြည့်ရင် မြန်မာ့ဂီတမှာ ရေစီးကြောင်းကြီးက တိုးတက်နေသလား ဒါမှမဟုတ် ကျဆင်းနေသလား။ အဲဒါတော့ သုံးသပ်ပြပေးပါလား အနဂ္ဂ။
အနဂ္ဂ - တီထွင်မှုပိုင်းအရဆိုရင်တော့ ဘယ်အချိန်မှ မညံ့ခဲ့ပါဘူး။ အကုန်လုံးက သူ့အချိန်နဲ့သူ အငိုက်မိသွားလဲ ပြန်တက်လာကြတာချည်းပဲ။ အကုန်လုံးက အချိန် ဆယ်နှစ်တာ ဆယ်နှစ်တာ ဆယ်နှစ်တာကာလအချိန် ဒါမျိုးပဲ ပြန်တက်နေကြတာပါ။ ဒါပေမယ့် ထုတ်လုပ်မှုအပိုင်းမှာကတော့ အခု ဒီလိုမျိုး ကျွန်တော်တို့ ဒီဘက် ၁၀နှစ်အတွင်းမှာတော့ တော်တော်ကြီးကို ခံနေရပါတယ် ခိုးကူးဒဏ်က...
ဦးမောင်မောင်သန်း - အနုပညာသည်တွေရဲ့ ဘ၀ပေါ့နော် သူတို့ရပ်တည်မှု စားဝတ်နေရေး အဲတော့ ဒါတွေဟာ ဘယ်လိုဖြေရှင်းမလဲ ဒီကအတွေ့အကြုံနဲ့ ဘယ်သူ့မှာ တာဝန်ရှိလဲ အဲဒါလေးကို နိဂုံးချုပ်သုံးသပ်ပေးပါ။
မာမာအေး - နဂိုတုန်းကတော့ ဒါ ဂီတဆိုတာ ၀ါသနာပါလို့ လုပ်လာရင်းနဲ့ အဆောက်အအုံကြီးလို ဖြစ်လာတာပါပဲ။ အဲတော့ အခုကျတဲ့အခါကျတော့ တကယ့်ကို ဈေးကွက်စီးပွားရေးကြီးအနေနဲ့ကိုပဲ လုပ်ကိုင်လာကြတာကို ကျွန်မတို့ မြင်နေရပါတယ်။ တစ်ချို့မိဘတွေဆိုလို့ရှိလို့ရှိရင် တစ်ခြားနေရာကနေပြီးတော့ တက်လမ်းယူမယ့်အစား မြန်မြန်နာမည်ကြီးပြီး မြန်မြန်ငွေပြန်ဖြစ်တဲ့ဟာမျိုးကို စဉ်းစားမိပြီးတော့ ကျွန်မတို့လိုင်းထဲကို ၀ါသနာပါတဲ့လူရော မပါတဲ့လူရော လုပ်စားချင်တဲ့လူရော ၀ါသနာရှင်ရော အကုန်လုံးရောပြုန်းပြီး လုပ်နေကြတဲ့အချိန် ဖြစ်နေတယ်။ ဖြစ်နေတော့ ဘယ်သူက အစစ်လဲ ဘယ်သူက အတုလဲကို ကျွန်မတို့လည်း မခွဲခြားနိုင်တော့ပါဘူး။ အဲဒီတော့ ဖြစ်နိုင်လို့ရှိရင် ဥပဒေတွေက သေချာပေါ့နော် နိုင်ငံတော်ကပဲ တိကျစွာ ချမှတ်ပေးမှပဲ ဒီကိစ္စကြီးက ပြီးမယ်လို့ ကျွန်မသုံးသပ်ပါတယ်။
ဦးမောင်မောင်သန်း - သောတရှင်များခင်ဗျာ အနှစ်၂၀အတွင်း မြန်မာ့ဂီတရေစီးကြောင်းမှာ အနိမ့်အမြင့် အပြောင်းအလဲတွေအများကြီး ဖြတ်သန်းခဲ့ရပေမယ့်လို့ ခေတ်ပေါ်တေးတွေ ဘယ်လိုပဲပြောင်းပြောင်း ရိုးရာကိုတော့ မပျောက်ပျက်အောင် ဆက်လက်ထိန်းသိမ်းဖို့ လူကြီးတွေရော မျိုးဆက်သစ်တွေမှာပါ တာဝန်ရှိတယ်လို့ ယူဆမိကြောင်း စီစဉ်တင်ဆက်လိုက်ရပါတယ်ခင်ဗျာ။

အသံနဲ့ ဒီဆွေးနွေးတာလေးကို နားထောင်ချင်တယ်ဆိုရင်တော့
Credit goes to BBC
MYMC
Written by Number1Princess, Craton, Juliet
Audio by Amedeo
Graphics by Mahuyar
Management by Juliet