
အားလုံးပဲမင်္ဂလာပါ။ ကျွန်တော်တို့ MYMC Helping Hands အဖွဲ့လေးရဲ့ စတုတ္ထအကြိမ်မြောက်ခြေလှမ်းကတော့ အောင်မြင် စွာ ပြီးဆုံးနိုင်ခဲ့ ပါတယ်။ ဒီတစ်ခေါက်မှာတော့ အရင်အကြိမ် တွေကလို ကလေးတွေကို ကန်တော်ကြီးထဲကို မခေါ်ဘဲနဲ့ သူတို့ကျောင်းကိုပဲ MYMC Helping Hands Group ကသွားခဲ့တာပါ။ ဒီတစ်ခေါက် activity လုပ်ဖြစ်တဲ့ ကျောင်းကတော့ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာက ပုည၀ိသုဒ္ဒိကျောင်းပါ။ အဲဒီကျောင်းက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းလေးတစ်ခုပါ။ ပတ်ဝန်းကျင်နားက ကလေးတွေကို သူငယ်တန်းကနေ ၄ တန်းအထိ အယောက် ၂၀၀ ခန့်ကို ပညာဒါနပေးဝေနေပါတယ်။
Activity လေးလုပ်ခဲ့တဲ့နေ့ မိုးလင်းကနေ ညနေစောင်းတဲ့အထိ ၀ိသုဒ္ဓိကျောင်းက ကလေးငယ်တွေနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ကုန်ဆုံးခွင့် ပေးတဲ့ ရာသီဥတုကိုလည်း တကယ်ကို ကျေးဇူးတင်မိပါတယ်။ ညထဲက မိုးကတဖွဲဖွဲရွာနေတော့ ပထမဆုံး activity တုန်းကလိုမျိုး မိုးထဲ လေထဲ ကသိကအောင့်ဖြစ်မှာဆိုးနေတာနဲ့ အိပ်မပျော်နိုင်ခဲ့ဘူး။ အဲ့လိုဖြစ်နေတာ ကျွန်တော်တစ်ယောက်ထဲတော့မဟုတ်ပါဘူး။ တစ်ဖွဲ့လုံး ကလည်း စိတ်ပူနေကြပါတယ်။ Activity လုပ်မယ့်နေ့ မနက် ၇ နာရီလောက်မှာ မိုးတိတ်သွားတော့မှ တစ်ဖွဲ့လုံး စိတ်အေးသွားနိုင်တော့တယ်။ အစကတည်းက စီစဉ်ထားတဲ့အတိုင်း မနက် ၇ နာရီ ၁၅ လောက်မှာ တာမွေမှာလူစုပြီးတော့ ၇ခွဲလောက်မှာ ကားစထွက်ခဲ့ပါတယ်။ လှည်းတန်း မှာ ကျန်တဲ့မန်ဘာတွေကို ၀င်ခေါ်ပြီးတော့ သင်္ဃန်းကျွန်းကြီးစံပြကျေးရွာက ပုည၀ိသုဒ္ဒိကျောင်းလေးဆီကို ဆက်လက်ချီတက်ခဲ့ကြပါတယ်။
ကားပေါ်မှာ မန်ဘာသစ်တွေ၊ volunteers တွေ အတော်များများ လိုက်ပါခဲ့ကြတာ တွေ့လိုက်ရတော့ တော်တော်ကျေနပ်မိပါတယ်။ လမ်းမှာ တစ်ယောက်နှင့်တစ်ယောက် မိတ်ဆက်ကြ ၊ စကြနောက်ကြရင်း ကစားကြ စကားပြောကြရင်းနဲ့ သင်္ဃန်းကျွန်းကြီးကျေးရွာကို ရောက်မှန်းမသိ ရောက်လာခဲ့ကြတယ်။ ပုည၀ိသုဒ္ဒိကျောင်းရှိတဲ့လမ်းကြားလေးက ကားဝင်ဖို့ခက်နေတော့ အားလုံးဆင်းပြီး ပါလာတဲ့အလှူပစ္စည်းတွေကို သယ် ကြ၊မကြနဲ့ ကျောင်းလေးထဲကို လမ်းလျှောက်ဝင်ခဲ့ကြပါတယ်။
ကျောင်းကိုရောက်သွားတဲ့အချိန်မှာ ကလေးတွေစားဖို့အတွက် ချက်ပြုတ်ပေးဖို့ တာဝန်ယူထားတဲ့အဖွဲ့က စပြီးတော့တောင် ချက်ပြုတ်နေပါပြီ။ သူတို့တွေ ချက်ပြုတ်နေတဲ့အချိန်မှာ ကလေးတွေထိုင်လို့ အဆင်ပြေအောင်၊ ဆော့ကစားလို့ရအောင် တာလပတ်ခင်းရင်း ကလေးတွေလည်း စုံအောင်စောင့်ရင်း စီစဉ်စရာရှိတာကို စီစဉ်ကြပါတယ်။ တဖြည်းဖြည်းနဲ့ ကလေးတွေရောက်လာတာနဲ့ ပုံမှန်အစီအစဉ်လေးတွေအတိုင်း ကလေးတွေနဲ့အတူ ပျော်ပျော်ပါးပါး ကစားလိုက် ပညာပေးလိုက် ပုံပြင်ပြောသူများအဖွဲ့က ပုံပြင်ပြောလိုက်နဲ့ တကယ်ကို ပျော်စရာကောင်းတဲ့ နေ့လေးဖြစ်ခဲ့ပါတယ်။ ကလေးတွေက နေ့လည်စာ ကြာဇံကြော်မစားခင် မေတ္တာပို့ပေးကြတာတွေ့ရတော့ အရမ်းကိုကြည်နူးမိခဲ့ပါတယ်။ ဒီလိုနဲ့ ၃နာရီခွဲလောက်မှာ အစီအစဉ်တွေပြီးတော့ ကလေးတွေကို လက်ဆောင်တွေ၊ ဆုတွေပေးပြီးတော့ စာရေးကိရိယာတွေနဲ့ အ၀တ်အစားတွေကို ကျောင်းကိုလှူခဲ့ပါတယ်။ ပြီးတော့မှ ပုံပြင်ပြောသူများအဖွဲ့နဲ့ အတူ ပုည၀ိသုဒ္ဒိကျောင်းလေးနဲ့ ကလေးတွေကို နှုတ်ဆက်ခဲ့ကြပါတယ်။
အပြန်လမ်းကားပေါ်မှာတော့ အသွားထပ်လူပိုများပြီး ပုံပြင်ပြောသူများအဖွဲ့နဲ့အတူ သီချင်းတွေအော်ဆိုရင်း ကျွန်တော်သုညရဲ့မွေးနေ့ကိတ်ကို ခွဲပြီး မွေးနေ့ပွဲလေးလုပ်ခဲ့ပါသေးတယ်။ တကယ်ကို ပျော်စရာကောင်းတဲ့နေ့လေးပါ။ လိုက်ပါခဲ့ကြတဲ့ မန်ဘာတွေကော volunteer တွေကော၊ မလိုက်ပါနိုင်ပေမယ့် ပစ္စည်းတွေလှူပေးခဲ့တဲ့ အလှူရှင်တွေကိုကော အထူးကိုကျေးဇူးတင်ပါတယ်။ Helping Hands အဖွဲ့ကို အမြဲတမ်းကူညီ ပြီးတော့ ကလေးတွေကိုပုံပြင်ပြောပေးတဲ့ ပုံပြင်ပြောသူများအဖွဲ့ကိုလည်း တကယ်ကို ကျေးဇူးတင်ရှိပါတယ်။ နောက်လည်း ဒီလို activity တွေမှာ အားလုံးလိုက်ပါ ကူညီကြပါဦးလို့ တစ်ခါတည်း ဖိတ်ကြားလိုက်ပါတယ်ဗျာ...။
ကျေးဇူးတင်လျက်
သုည (President)
MYMC Helping Hands
ရန်ကုန် အဖွဲ့နဲ့ ပတ်သက်ပြီး သိချင်တာများကို ဆက်သွယ်ရန်
Thone Nya [thonenya@mymclub.net]
MYMC ရန်ကုန် MOB ထဲမှာ အသင်းဝင်ချင်တယ်ဆိုရင်တော့ အောက်ကပုံလေးမှာ တစ်ချက်နှိပ်ပြီး လျှောက်လွှာတင်လိုက်ပါ။ သေချာစီစစ်ပြီးမှ လက်ခံတာဖြစ်လို့ လျှောက်လွှာတင်တဲ့အခါ မေးထားတာလေးတွေကို တိတိကျကျ ဖြေဆိုပေးပါရန်။
| < Prev | Next > |
|---|



