ဒါရိုက်တာ မောင်မျိုးမင်း

မင်္ဂလာပါ ဦးမျိုးမင်း... သမီးတို့က MYMC online radio ကပါ။ ဦးမျိုးမင်းကို ပထမဆုံး စမေးချင်တာက ဒီနှင်းဆီ အငြိမ့်ကို စဖြစ်လုပ်တဲ့ ရည်ရွယ်ချက်လေးနဲ့ ဘယ်လို ပုံစံမျိုး စလုပ်ဖြစ် သွားတယ် ဆိုတာလေး တစ်ချက်လောက်...။
ဘယ်လိုစလုပ်ဖြစ်လဲဆိုတော့ ဒီနှင်းဆီအငြိမ့်က ကျွန်တော်တို့ ၂၀၀၃ ခုနှစ်ကပေါ့။အမျိုးသမီးရေးရာကနေ အငြိမ့်ကဖို့ အကူအညီ တောင်းတယ်။ အဲ့ဒီ့တော့ ကျွန်တော်တို့က လူလေးတွေရွေးပြီးတော့ စပြီးကဖြစ်သွားတယ်။ ကဖြစ်သွားတဲ့ အချိန်မှာပဲ ကျန်တဲ့သူတွေက အငြိမ့်အခုမှ ကဖူးတာပေါ့နော်။ 1ကဖူးတာဆိုတော့ သူတို့လည်း စိုးရိမ်တာပေါ့။ စိုးရိမ်တော့ သူတို့လည်း ကြိုးစားကြတယ်။ အဲ့လို ကြိုးစားကြရင်းနဲ့ အခုအဲ့ဒါကို ပရိသတ်က ကြိုက်သွားတော့ နောက်နှစ်တွေမှာ သူတို့ တောင်းဆိုကြတယ်။ နောက်နှစ်တွေမှာကျတော့ အင်အားတွေ ထပ်ဖြည့်ပြီးတော့ ဒါလေးကိုလုပ်လာတာ အခုဆိုရင် ၂၀၀၃ခုနှစ်ကနေ အခုထိဆိုရင် ဘယ်လောက်တောင် ကြာနေပြီလဲ။ ဆယ်နှစ်ဝန်းကျင်ပေါ့နော်။ အဲ့လောက်ရှိပြီ။ ဆယ်နှစ်ဝန်းကျင်မှာ လူတွေအားလုံး မကွဲအောင် စုစုစည်းစည်းနဲ့ ရှိဖို့ဆိုတာ တော်တော် ခက်ပါတယ်။ ၂၀၀၃ ကစပြီး ၂၀၀၆မှာ စကဖြစ်သွားတာ။ တော်တော်လေး ကြာပါပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ခြောက်နှစ်ကျော်သွားပြီလေ။ အဖွဲ့တစ်ဖွဲ့ အဲ့ဒီ့လောက် စည်းစည်းလုံးလုံး ညီညီညွှတ်ညွတ် ရှိဖို့ဆိုတာ မလွယ်ဘူး။ ကြားထဲမှာတော့ ကျွန်တော်တို့ အဓိက အလုပ်က ဒါတွေ မဟုတ်ဘူးလေ။ တခြား အဆိုတော်တွေ၊ ရုပ်ရှင် သရုပ်ဆောင်တွေဆိုတော့ သူတို့က အဲ့ဒါတွေ လုပ်ဖို့အတွက် ကိုယ်ရည်မှန်းထားတဲ့ ပန်းတိုင်တွေကို မရောက်မှာစိုးလို့ ဒါကို ရပ်ပစ်လိုက်ကြတယ်။ ရပ်လိုက်ကြတော့ ပရိသတ်က ရပ်တာကို မရပ်စေချင်ဘူး။ သူတို့ မျှော်လင့်ကြတယ်။ အဲ့မှာ ဆက်ကပေးပါ၊ ဆက်ကပေးပါ တဂျီဂျီနဲ့ ပြောနေတဲ့ အခါကျတော့ အခုအချိန်မှာ အရင်လို ကျွန်တော်တို့ မရဲတရဲလေး ပြောနေရတာကနေ ပွင့်ပွင့်လင်းလင်း ပြောလို့ရတဲ့ ကာလလေး ရောက်သွားပြီ။ ရောက်သွားပြီ ဆိုတော့ ကျွန်တော်တို့ ပြောတာ ကြားချင်တယ်ပေါ့နော်။ ကြားချင်တယ်ဆိုတော့ ပြန်ကဖြစ်တာပေါ့။

 

အဲ့ဒါဆိုရင်လေ အခုတောက်လျှောက် လုပ်ခဲ့တဲ့ နှင်းဆီအငြိမ့်မှာ နှင်းဆီဆိုတဲ့နာမည်က တည်မြဲတယ်။ တခြားနာမည် အရှေ့ နာမည်လေး တွေပြောင်းသွား တယ်ဆိုတော့ အဲ့ဟာတွေကရော အန်ကယ် ဘယ်လို အဓိပ္ပါယ် မျိုးတွေနဲ့ ပေးခဲ့တာလဲ။ ပြီးတော့ နှင်းဆီဆိုတာကိုရော အန်ကယ် ဘယ်လို အဓိပ္ပါယ်မျိုးနဲ့ ရွေးချယ်ခဲ့တာလဲ။
နှင်းဆီနဲ့ မောင်မျိုးမင်းနဲ့ဆိုတာ ခွဲလို့မရဘူး။ မောင်မျိုးမင်းရယ်လို့ စဖြစ်လာတာကိုက နှင်းဆီဝိုင်း ဆိုတဲ့ ဇာတ်ကားနဲ့ စဖြစ်လာတာ။ အဲ့ဒါ ဦး ပထမဆုံး ပရိသတ်ကြီးကို ချပြတဲ့ ကားပေါ့။ အဲ့တော့ အဲ့လို နှင်းဆီဆိုတာ ဦးရဲ့ တော်တော်များများရဲ့ အောင်မြင်မှုပဲလေ။ အဲ့တော့ နှင်းဆီပန်းကိုလည်း ဦးက တကယ်ကြိုက်တယ်။ နောက်ပိုင်းမှာ ဘယ်လိုဖြစ်လာလဲဆိုရင် အိမ်မှာ နှင်းဆီပန်းတွေစိုက်တာ ကိုယ်တိုင်စိုက်တာ။ ကိုယ်တိုင် စိုက်ထားရာကနေ တစ်ခါတလေကျရင်  ဦးအနေနဲ့  နေမကောင်းတဲ့အခါတို့ ၊ ဆေးရုံတက်နေတဲ့အခါတို့၊ အဲ့လို ပြဿနာတက်တဲ့ အခါကျရင် နှင်းဆီပန်းလေးက ညှိုးနေတယ်။ အဲ့လို ကတော့မယ်ဆိုရင် သူက တအားပွင့်တာ။ အရမ်းသိသာတယ်။ ကတော့မယ်ဆိုရင် အရမ်းပွင့်တာဆိုတော့ သူနဲ့ ဦးနဲ့ တထပ်တည်းလို့တောင် ဖြစ်နေသလို ဖြစ်နေတာ။ အဲ့တော့ နှင်းဆီနဲ့ ဦးနဲ့က အဲ့လောက်နီးစပ်တာ။


ဟုတ်ကဲ့ပါရှင်။ အခုဆိုရင်ပေါ့နော် ဦးက ရုပ်ရှင်ကားကြီးတွေလည်း အများကြီး ရိုက်ပြီးပြီဆိုတော့ အခုလက်ရှိ နောက်ထပ် အနုပညာ အစီ အစဉ်တွေ ဘာတွေများ ရှိပါသေးလဲရှင်။
ရုပ်ရှင်ကားကြီးတွေလည်း ရိုက်ပြီးပြီပေါ့။ ဗီဒီယိုလည်း ရိုက်နေတယ်ဆိုတာ ဦးတို့က ၀ါးလုံးခေါင်းထဲ လသာနေတာပါ။ နိုင်ငံကျဉ်းကျဉ်း လေးထဲမှာ ကိုယ့်ဟာနဲ့ကိုယ် ကိုယ့်နိုင်ငံ ထဲမှာကိုယ် သာယာနေကြ တာလေ။ တကယ်တမ်း တံခါးဖွင့်ပေး လိုက်ပြီဆိုရင် ဦးတို့က ကမ္ဘာကြီးနဲ့ ယှဉ်ရမှာလေ။ ယှဉ်ရမယ်ဆိုတော့ အဲ့လို ယှဉ်တဲ့ အချိန်အခါမှ ဦးက ဘာတွေလုပ်ပြမလဲ၊ ဘာတွေလုပ်နိုင် သလဲဆိုတော့... မြန်မာလူမျိုး အချင်းချင်းတော့ အားပေးတာ ခံနေရပေမယ့် တစ်ကမ္ဘာလုံးက အားပေးတာ ခံရအောင် ကြိုးစားရဦးမှာလေ။

 

အခုဆိုပေါ့နော် ပြည်တွင်းမှာလည်း သမီးသိသလောက်က ပထမဦးဆုံး အငြိမ့်ကခဲ့တာနော်။ ပြီးတော့ စင်ကာပူမှာလည်း ၄ခေါက်ရှိပြီ။ နောက် ထပ်နိုင်ငံ တွေမှာရော နှင်းဆီအငြိမ့်ကို ဆက်ကဖို့ ရှိပါသေးလား။
ဒီနှစ်ထဲမှာ ဂျူလိုင်မှာ ဥရောပ ၄နိုင်ငံ - အင်္ဂလန်ရယ်၊ ပြင်သစ်ရယ်၊ အီတလီ၊ ဂျာမနီ။ ပြီးသွားရင် စက်တင်ဘာမှာ ကိုးရီးယားနဲ့ ဂျပန်

 

အကယ်ဒမီပွဲ တွေမှာပေါ့နော်။ ဦးဝတ်ထားတဲ့ ဒီအ၀တ်အစားရယ်၊ ဒီနဂါးရုပ်တို့ ဒေါင်းရုပ်တို့ အဲ့လိုမျိုး တွေကရော ဦးအနေနဲ့ ဘယ်လို စိတ်ကူး တွေနဲ့များ ဖြစ်ခဲ့သလဲ မသိဘူး။
အဲ့ဒါက စလုပ်တုန်းက ဦးအနေနဲ့ ရိုးရိုးလေး။ တိုက်ပုံအင်္ကျီက သိပ်ရှင်းလွန်းအားကြီးလို့ ဒီဘက်မှာ ဘောပင်နဲ့ ကောက်ခြစ်တာ။ အဲ့အတိုင်းကို ပန်းထိုးစရာကို ပေးလိုက်တာပေါ့နော်။ ဒါပေမယ့် အဲ့ဒီ့ အချိန်အခါမှာ ဦးက အရမ်းဖိနှိပ်ခံရတာ။ အရမ်းဖိနှိပ်ခံနေရတဲ့အချိန် စစ်သားတွေရဲ့။ အဲ့ဒါကြောင့် 4အရုပ်တစ်ခုခု ထိုးမယ်ဆိုရင် တော့အဓိပ္ပါယ်ရှိတဲ့ အရုပ် တစ်ခုခုကို ထိုးချင်တယ်ဆိုပြီး ဇာမဏီဌက်ကို ထိုးလိုက်တာ။ ဇာမဏီဌက်ဆိုတာ ဒုက္ခရောက်တဲ့ မီးတွင်းထဲကျလေ သူကပိုပြီး တောက်ပ လာလေပဲ။ အဲ့ဒါထိုးပြီး ၀တ်ပြတာ။ နောက်နှစ်ကျတော့ နှင်းဆီပေါ့နော်။ အဲ့လိုနဲ့ တစ်ခုပြီး တစ်ခုပြောင်း ဖြစ်သွားတယ်။ နဂါးတော့ လုပ်ဖူးတယ်။ အဲ့တော့ နောက်ဆုံးနှစ်မှာ ဦးတော့ မတက်ဖြစ် လိုက်ဘူး။ ဒါပေမယ့် အဲ့နှစ်မှာ ဘာမှမထိုးဘူး။ ဘာလို့ မထိုးလဲဆိုတော့ ဦးတို့လုပ်တာ နည်းနည်းလေးပဲ လုပ်ပြရတယ်။ ဒီလိုလေးလုပ်ရင် ရတယ်ဆိုပြီး လုပ်ပြလိုက်တာ ပေါ့နော်။ နောက်ပိုင်းမှာ ဘာဖြစ်လာ လဲဆိုတော့ အရမ်း ရုပ်ဆိုး ပြီးတော့ တိုက်ပုံအင်္ကျီမှာ ပန်းဖွားတွေ ကိုရော၊ ဘော်ကြယ်တွေ ကိုရော အမျိုးသားဝတ်စုံ ပျက်စီးလာပြီလေ။ လူက ကောင်းတာကိုသာ အတုမယူတာ၊ မကောင်းတာကျရင် သိပ်အတုယူ မြန်တာပဲ။ ကြာရင် ဦးတို့က သမိုင်းရဲ့ တရားခံ ဖြစ်တော့မယ်။ အဲ့တော့ နောက်နှစ်တွေ မှာလည်း ဘာမှလုပ်မှာမဟုတ်ဘူး။ အဲ့တော့ မြန်မာ့ရိုးရာ ၀တ်စုံဆိုတာ သူ့ဘာသူ သူ့နဂို တန်ဖိုးနဲ့ ရှိနေတယ်။ အဲ့ဒါကို အလှဆင် မယ်ဆိုရင် ပျက်စီးလောက်တဲ့ အလှနဲ့ မဆင်ရဘူး။ မပျက်စီး လောက်တဲ့ အလှမျိုးလေးနဲ့ပဲ ဆင်ရတယ်လေ။ နောက်နှစ်တွေမှာလည်း အဲ့ဒါပြောဦးမယ်။ ဦးလည်း ဘာမှမလုပ်ဘူး။ ဒီတိုင်းလေးပဲ ၀တ်မယ်။ ပြီးရင် ကလေးတွေကိုလည်း ပြောပြရဦးမယ်။ အဲ့ဒီ့လောက်ထိ ပြင်ဆင်လို့ ကောင်းတဲ့အရာမျိုး မဟုတ်ဘူး။ ပြင်ဆင်တာ လွန်သွားတော့ ဖျက်ဆီးရာ ရောက်သွားတယ်။

 

ပြီးတော့လေ အခုဆိုရင်ပေါ့နော် နှင်းဆီအငြိမ့်မှာ တကယ့်နာမည်ကြီး မင်းသား၊ မင်းသမီးတွေ အကုန်ပါဝင်တယ်ဆိုတော့ ဦးအနေနဲ့ပေါ့နော်။ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ခဲ့ရတယ်ဆိုတာကို သိချင်ပါတယ်ရှင့်။
အမှန် ပြောရရင်တော့ ဒီမင်းသား၊ မင်းသမီးတွေက ဦးတို့ကို ဒုက္ခမပေးကြဘူး။ ဒုက္ခပေးတဲ့လူတွေထဲမှာ မပါပါဘူး။ ချစ်ဖို့ကောင်းတယ်။ အဲ့ဒါကြောင့်လည်း ဒီအချိန်အထိ အကြာကြီး လက်တွဲဖြစ်ကြတာပေါ့။ အခက်အခဲက ဘယ်လိုဟာမျိုးရှိလဲ ဆိုတော့ အားလုံးက နာမည်ကြီး တွေပဲ။ နာမည်ကြီးတွေ ဖြစ်တဲ့အတွက် တိုက်တဲ့ရက်မှာ တော်တော်လု ရတယ်။ သူတို့လည်း တော်တော်လု ရတယ်။ ဦးတို့လည်း တော်တော်လု ရတယ်။ အဲ့အတွက်ကတော့ နည်းနည်းပင်ပန်း ကြတယ်။ တစ်ခါတစ်လေ ရတဲ့အချိန် တစ်ရက်ကို ၃နာရီရ ၃နာရီတိုက်၊ ၁နာရီရ ၁နာရီတိုက်။ အဲ့လို တိုက်လာရတာ။ တိုက်ပြီးတော့ အဲ့လိုလုပ်ရတာ။ ခါတိုင်းဆိုရင် ရန်ကုန်မှာ အမြဲတမ်း အရင်ဆုံးကတယ်။ ကပြီးမှ ဒီကိုလာတာ။ အခု ဒီနှစ်ဆိုရင် ရန်ကုန်မှာ မကခင် ဒီမှာလာတာ။

 

ဟုတ်ကဲ့ပါရှင့်။ အခုဆိုရင် ဦးအနေနဲ့ ရုပ်ရှင်တွေ ဆက်ရိုက်နေတယ်ပေါ့။ အခု လက်တလောရော နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ကားကြီးတွေ ထပ်ရှိသေးပါသလားရှင်။
3ရှိတယ်။ အများကြီး တန်းစီထားတာတွေရှိပါတယ်။ အခု ဈေးကွက်ကို တစ်ချက်ကြည့် နေတာပေါ့နော်။ အခုဆိုရင် ဦးတို့ စင်ကာပူ မှာဆိုရင် Cathay ရုံမှာ တင်ခွင့်ရဖို့ တော်တော်ကြိုးစား လာရတာ။ အခုဆိုရင် MSCT နဲ့ပေါင်းပြီး လုပ်တာ တော်တော်ကို အဆင်ပြေနေပြီ။  အခုတင်တဲ့ ကားတွေက ကြည့်လိုက်ရင် စိတ်ပျက်စရာ ကားတွေ တင်မိရင် နောက်ကို လက်ခံချင်မှာ မဟုတ်ဘူး။ ကြည့်လိုက်ရင် ပရိသတ် ကြည့်ချင်စဖွယ် ကားမျိုး တင်မှာသာ ပရိသတ်က ကြည့်ချင်မှာလေ။ အဲ့အတွက် ဦးတို့က ရွေးပြီး တင်ရတဲ့နေရာမှာ တော်တော်လေး စဉ်းစားရတယ်။ တစ်ချို့ကလည်း တော်တော့်ကို ဖြစ်ကလက်ဆန်း အပေါစား ရိုက်ထားတာ။ ရိုက်ထားပြီး သူတို့မတင် ရတဲ့အခါ ငါတို့ကျတော့ ဘာလို့ မတင်ရတာလဲ ဆိုတာမျိုးရှိတယ်။ ဒါပေမယ့် ဘာလို့မတင် တာလဲလို့ ပြောရင် ကျွန်တော်တို့က ရှင်းရှင်းလေးပဲ။ ကျွန်တော်တို့က ရုပ်ရှင်ချစ်လို့ မတင်တာပါလို့ပဲ ပြောမယ်။ ဘာလို့လဲ ဆိုတော့ ရုပ်ရှင်ကို မြန်မာ့ရုပ်ရှင်ကို ကမ္ဘာမှာရှိတဲ့ မြန်မာတွေပဲ ကြည့်တယ်ထား ပါစို့။ အဲ့ဒီ့ မြန်မာအချင်းချင်းကို မကြည့်ချင်ဘူး ဆိုရင် သွားပြီ။ တော်တော်ဆိုးပြီ အခြေအနေ။  အဲ့အတွက်ကြောင့် တစ်ချို့ဟာတွေကို တော်တော်စဉ်းစားပြီး လုပ်ရတယ်။

 

အခုအငြိမ့်ကလေ ဟာသတွေရေးတဲ့အခါမှာ ဦးကိုယ်တိုင် Script တွေကို ရေးတာလား။ ဒါမှမဟုတ် တခြား ပါဝင်အားပေးပြီး ကူညီရေးပေးတဲ့ သူတွေများ ရှိသလား။
မရှိဘူး။ အရင်အငြိမ့်တွေမှာ တစ်ချို့ကို စစ်ကိုင်း (စဥ့်အိုးကြီး) ရှိတယ်။ ဦးတို့ထက် အများကြီး ကြီးတာပေါ့နော်။ သူက အကြံဥာဏ်လေးတွေ ပေးတယ်။ နောက် ဦးညှောင်ညှောင် (လူရွှင်တော် ညှောင်ညှောင်) သူတို့က အဲ့လို ၀ိုင်းပြီး အကြံဥာဏ်ပေးတယ်။ ဒီဘက် အငြိမ့်တွေကျတော့ သူတို့ အလုပ်တွေများ၊ အသက်တွေကြီးတော့ အားနာပြီးတော့ အခု ဒီကကလေးတွေနဲ့ ဦးနဲ့ပဲ အကုန်လုံး တိုင်ပင်ပြီး လုပ်ကြတယ်။

 

အဲ့လို Script တွေရေးတဲ့ အခါမှာ ဦးမျိုးအနေနဲ့ ဘယ်လိုမျိုး ရည်ရွယ်ချက် တွေနဲ့ ဒီလိုScript တွေကို ရေးလဲ။ ဒါမှမဟုတ် ပရိသတ် လက်ခံအောင် ရေးတာလား၊ ဒါမှမဟုတ် ဦးမျိုးမှာ တစ်ခြား ရည်ရွယ်ချက် မျိုးလေးနဲ့များ ရေးတာလားရှင်။
တခြား ရည်ရွယ်ချက်တော့ မရှိပါဘူး။ ဒါပေမယ့် ဦးတို့ လုပ်တဲ့ အလုပ်ကလေးက တစ်ချို့ဟာတွေက အဓိပ္ပါယ် ရှိသင့် တာပေါ့နော်။ ဒါဦး သက်ဦးဆံပယ် ပဒေသာရာဇ်မှာ အငြိမ့် လူရွှင်တော်တွေက ဘယ်ဟာ မပြက်ရဘူး၊ ဘယ်ဟာမပြောရဘူး သတ်မှတ်ထားတာမျိုး မရှိဘူး။ ဘုရင်က အစခွင့်ပြုတယ်။ အကုန်လုံး ပြောဆိုပြီးတော့ ခွင့်ပြုထားခဲ့တယ်။ ဒါကလည်း ဘယ်လိုခွင့်ပြု ထားတာလဲ ဆိုတော့ အဲ့ဒါကို ပြောတော့မှ နောက်ရင်း ပြောင်ရင်း ရယ်သလို မောသလိုလေးနဲ့ ပြုပြင်စရာ ရှိတာကို ပြုပြင်သွား နိုင်အောင်လို့ အဲ့လို ပြောခွင့်ပေး ထားတာတဲ့။ ဒါက ဒီလူမှုတော်မှာရေးတဲ့ အငြိမ့်ထဲမှာရော၊ တခြား စာအုပ်တွေမှာရော တရားဝင် ထင်ထင်ရှားရှား ပြောပြထားတဲ့ အကြောင်းအရာပါ။ အဲ့တော့ ဦးတို့က ဦးတို့ကတဲ့ ပြောလိုက်တဲ့ ဟာလေးက အဓိပ္ပါယ် တစ်ခုခုတော့ ရှိတယ်။ အလကား ရယ်ရရင်ပြီးရောတော့ မပြောချင်ဘူး။ နောက်တစ်ခုက အရမ်းညစ်ညမ်းတဲ့ ပြက်လုံးတွေကို တတ်နိုင်သလောက် ရှောင်တယ်။ ပြောတော့ပြောတယ်။ ဒါပေမယ့် ရယ်ရယ်မောမောနဲ့ပဲ ဒါကို ချစ်စရာကောင်းအောင် ပြောသွားတာမျိုးပေါ့နော်။ မပြောတတ်ရင် ဆဲသလိုပဲ။ သိပ်မပြောတတ်တဲ့ အခါကျတော့ ဆဲသလိုဖြစ်တတ်တယ်။ သူက အဲ့ဒီလို မဖြစ်အောင် ချစ်စရာကောင်းအောင် ပြောရတာပေါ့။


ရုပ်ရှင်ရိုက်ရတာနဲ့ အခု အငြိမ့်ကတာနဲ့ ဦးမျိုးအနေနဲ့ ဘယ်လို ကွာဟချက်တွေရှိသလဲ။ ဘယ်လို အခက်အခဲတွေရှိလဲ။
ရုပ်ရှင်တစ်ကားက ဦးတို့အတွက် မခက်ဘူး။ အရမ်းလွယ်တယ်။ အငြိမ့်ကတာ အရမ်းခက်တယ်။ ဒါကြောင့် အငြိမ့်ကို တစ်နှစ်မှာ တစ်ခါပဲ ကနိုင်တာ။ တစ်ခါပဲ ကနိုင်ဖို့ အဲ့တစ်ခါရဖို့အတွက် တစ်နှစ်မှာ ကုန်ကြမ်းတွေ စုကြရတယ် အားလုံး။ ပြီးရင် အကုန်လုံးကို ပြိုင်ဆိုင်လုပ် ကြတယ်။ တစ်နှစ်မှာသာ အငြိမ့် ၃၊၄ခု လောက်ကမယ် ဆိုရင် ဦးအလုပ် လုပ်ရမှာ မဟုတ်တော့ဘူး။

 

2

 

အခုဆိုရင်ပေါ့နော်။ ဒီနှင်းဆီအငြိမ့်ကို လူတွေအကုန်လုံး၊ ပရိသတ် အကုန်လုံးက အားပေးနေတယ်။ အဲ့အတွက်ကော ဦးတို့အနေနဲ့ ဘယ်လို များပြောချင်ပါ သလဲရှင်။
အဲ့ပရိသတ်တွေကြောင့်ပဲ ဦးတို့ ပြန်ကဖြစ်တာပါ။ သူတို့အားပေးတယ်၊ ကြည့်ချင်တယ်၊ လွမ်းတယ်ပြောတယ်။ မကြည့်ရတာကြာပြီ လုပ်ပေးပါ ဆိုလို့ ဦးတို့က ပြန်က ဖြစ်တာပေါ့။ အဲ့ဒါကိုက ဦးတို့ ပရိသတ်ကို ဘယ်လောက် အလေးထားပြီး ချစ်သလဲ ဆိုတာ ပေါ်လွင်မှာပါ။ ပရိသတ် ကလည်း ဦးတို့ကို ချစ်ကြတယ်လေ။ အပြန်အလှန် မေတ္တာသက်ရောက်မှုပါပဲ။


အခုလို သမီးတို့ မေးတာကို ဖြေကြားပေးတဲ့အတွက် ဦးမျိုး ကိုလည်း ကျေးဇူးအရမ်း တင်ပါတယ်။ နောက်ဆုံး အနေနဲ့ ပေါ့နော်။ MYMC ပရိသတ်က အင်တာနက် တစ်ဆင့် ပရိသတ်ကို ဦးမျိုးအနေနဲ့ ဘယ်လို စကား လက်ဆောင်များ ပြောချင်ပါသလဲ။
အခု ဦးမျိုးတို့ အရင်ကထက် စာရင်ပေါ့နော်။ လွတ်လွတ်လပ်လပ်လေး ပြောခွင့်ရှိလာပြီ။ ပြောခွင့်ရှိလာတဲ့ အခွင့်အရေး လေးပေါ်မှာ ဦးတို့ အကောင်းဆုံး အပြုသဘော ဆောင်တဲ့ဟာတွေ ပြောသွားမှာပါ။ အဲ့လို့ အလကားနေ အော်ဆဲတဲ့ အပေါက်မျိုး ဦးတို့လုပ်မှာမဟုတ်ဘူး။ ပြီးတော့ လူတွေရယ် ရယ်မောမောနဲ့ နားထောင်တဲ့သူက ကျေနပ်သွားရမယ်။ အာ.. မစဉ်းစားမိဘူး ဟုတ်တယ်ကွာ အဲ့လို အတွေးထောင့်လေး တစ်ထောင့်က နေပြီးတော့ ကျေနပ်နှစ်သက် သွားတဲ့ အတွေးမျိုး ပေါ့နော်။ ပြီးရင် ရယ်လိုက်ရတဲ့ အချိန်မှာလည်း ဒီတစ်ခါ တည်းနဲ့ မပြီးဘဲ ပြန်တွေးလိုက်တိုင်း ရယ်ရတဲ့ ပြက်လုံးမျိုးကို ဦးတို့ ဦးတည်ထား ပါတယ်။ အဲ့အတွက် ပရိသတ်တွေ လာကြည့်ပြီးရင် သူတို့ အကြောင်း တိုက်ဆိုင်လို့ ပြန်ပြောလိုက်တိုင်း အရသာရှိနေမယ်၊ ပြန်တွေး လိုက်တိုင်းလည်း သူတို့ ကျေနပ်နေမယ် စိတ်ကိုပေးတဲ့ လက်ဆောင်မျိုး၊ ထာဝရ သတိရနေအောင်လို့ အဲ့လို လက်ဆောင်မျိုးကို ပေးထားပါတယ်။

 

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဦး။
ဟုတ်ကဲ့ပါ။

 

P.S နည်းနည်းတင်တာ ကြာသွားတဲ့ အတွက်ခွင့်လွှတ်ပေးပါ။ ကျွန်တော်တို့လည်း မအားလို့ ခုမှလုပ်ပြီး တင်ရလို့ပါ။


အင်တာဗျူးကို အသံနှင့်နားထောင်ချင်တယ်ဆိုရင်တော့...

MYMC Interview Team
Interviewer | Britney
Questions, Write-Up & Audio Edit| Britney, Nunki, YanShin, Moon, Naw Naw, Guitar O
Design | Mahuyar